Thursday, July 23, 2015

အဖြူရောင်တိမ်တိုက်






အဲဒီနေ့မနက်ခင်းမှာပဲ…

မိုးကောင်းကင်က တိမ်ဖြူတစ်ပွင့်ဟာ ရာဟုဂြိုလ်ထဲကို ခဏချင်းပဲ ဆွဲသွင်းခံလိုက်ရတယ်။နေခြည်ကလဲ နံနက်ခင်း  ခပ်စောစောမှာပေမယ့် စူးစူးနစ်နစ် ပြင်းရှနေတယ်။ Good Morning လို့ နှုတ်ဆက်ပြီးတဲ့အချိန်ထိ မနက်ခင်းဟာ ငြိမ်ငြိမ်သက်သက်လေးနဲ့ မျက်လွှာလေး ပြေစင်းစွာချထားနေရတဲ့ပုံလေးပါ။ဘာကြောင့်မှန်း ကိုယ်နောက်ကျတဲ့အချိန်ထိ မသိခဲ့လိုက်ဘူး။နောက်ထပ် မနက်ခင်းကို သတိပြုမိလိုက်တဲ့အချိန်မှာမှ ကောင်းကင်က တိမ်လေးဟာ ဒေါသတွေနဲ့အရောင်တွေပြောင်းနေခဲ့တယ်လေ။

အဲဒီဖြူလွလွတိမ်တိုက်လေးက အညိုရောင်အသွေးတွေနဲ့အတူ မိုးရွာတော့မှာလား…ကိုယ်စိုးရိမ်တကြီး ဖြစ်သွားမိတယ်။ဒါပေမယ့်…သူ့ကို ကိုယ်သိပါတယ်…တိမ်တိုက်လေးအရောင်ပြောင်းသွားပေမယ့် ခဏတာပဲဆိုတာ ကိုယ်နားလည်နေပါတယ်။တိမ်တိုက်လေး စိတ်တိုစိတ်ညစ်နေတဲ့အခါ ဘေးမှာ အားပေးနှစ်သိမ့်ပေးချင်နေမိတာလေ…။

လေတွေကလဲ တစီစီတိုက်ခတ်နေတယ်။ရေတိုးလေလို့ အသိထားမိပေမယ့် အထက်ပိုင်းက မိုးရွာမှဖြစ်မှာလို့ မဆီမဆိုင် တွေးမိသေးတယ်။တိမ်တိုက်လေးက အကြောင်းစုံရှင်းမပြပေမယ့် အတူနေလမ်းခုလတ်တွေထဲမှာ ရန်ဖြစ်ရ.. စိတ်ကောက်ရ.. ပြန်ချော့ရ.. ကျေနပ်ရဆိုတာတွေက မြစ်ထဲကို အတူတူစီးဝင်ရတဲ့ စမ်းချောင်းတွေဖြစ်သလို..ပင်လယ်ထဲကို စီးဝင်ရတဲ့မြစ်ချောင်းတွေလဲဖြစ်တယ်။ ကိုယ်ကောင်းကောင်းနားလည်ပါတယ်။တိမ်တိုက်လေးကို ဒီအကြောင်းပြောမပြဖြစ်ပေမယ့် တိမ်တိုက်လေးက ကိုယ့်ထက်ပိုသိတယ်။ကိုယ့်ထက်ပိုပြီးတော့ နားလည်တယ်လေ။

အဲဒီလိုနဲ့ တိမ်တိုက်လေးစိတ်ပြေသွားတဲ့အချိန်ထိ ကိုယ်စကားတွေပြောပေးနေခဲ့တယ်။ အမြဲတမ်းရယ်မောနေတတ်တဲ့ တိမ်တိုက်လေးကို ကိုယ်မိုးတွေမရွာစေချင်ပါဘူး…ကောင်းသောမွန်မြတ်ခြင်းတွေနဲ့ပဲ မနက်ခင်းတစ်ခုမှာ နိုးထစေချင်တယ်လေ။

အဲဒီနေ့မနက်ခင်းက မိုးကောင်းကင်မှာ တိမ်တိုက်တွေပြန်ပြီး မျောလွင့်နေတဲ့အကြောင်း.. မိုးရွာသေးမှာမဟုတ်ပေမယ့် အထက်ပိုင်းကိုတော့ သွားရွာနေမယ့်အကြောင်း… အဲဒီကရွာတဲ့အချိန် ဒီဘက်မှာရေကြီးနေမယ့်အကြောင်း…တိမ်တိုက်လေးကပြောလို့ ကိုယ်သေသေချာချာ မှတ်ခဲ့ရသေးတယ်။ အဲဒီနေ့တစ်နေ့လုံး မိုးတစ်စက်မှမရွာပါဘဲ နေ့လည်ခင်းက ပိုပြီးအိုက်စပ်စပ်နိုင်လာတယ်။ကိုယ်ခဏတာ ပြုံးမိချိန်မှာပဲ ကိုယ့်မျက်လုံးထဲမှာ တိမ်တိုက်လေးကို လွမ်းနေမိတာပဲတွေ့တော့တယ်။မိုးတော့…မရွာနဲ့ကွယ်…

Sunday, June 14, 2015

ပန်းတစ်ပွင့်ကပြောပါတယ်

ပန်းတစ်ပွင့်ကပြောပါတယ်


အဖြူ ရောင် ပန်းတွေဟာ များသောအားဖြင့် မွှေးကြတယ်။ပန်းတွေဟာ အရောင်အသွေး စုံလေလေ ရနံ့ကင်းမဲ့လေ ဖြစ်တယ်။လူ့ဘ၀ဟာလည်း ဒီလိုပါပဲ...ရိုးရိုးရှင်းရှုင်းနဲ့ ရိုးသားလေလေ သူ့ရဲ့စိတ်ဟာ ဖြူ စင်လေ ဖြစ်တယ်။

ပန်းတစ်ပွင့်ကပြောပါတယ်
ညမွှေုးပန်းဟာ ညမှမွှေးတာ မဟုတ်ပါဘူး။နေ့လည်း မွှေးပါတယ်။ဒါပေမယ့် လူအနည်းငယ်ကသာ နေ့အခါမှာ ရှူ ရှိုက်မိကြတယ်။ဘာဖြစ်လို့လဲဆိုတော့ နေ့အခါမှာ လူတွေရဲ့စိတ်ဟာ ပျံ့လွင့်နေလို့ပါ။တကယ်လို့ လူတွေရဲ့စိတ်ဟာ နေ့အခါမှာလည်း တည်ငြိမ်နေမယ်ဆိုရင် ညမွှေးပန်းဟာ အရမ်းပူပြင်းတဲ့ နေ့ခင်းမှာတောင် မွှေးပါတယ်။

ပန်းတစ်ပွင့်ကပြောပါတယ်
မနက်စောစောမှာ ကြာပန်းဝယ်ရင် ပွင့်နေတဲ့အပွင့်ကို ၀ယ်ပါ။နံနက်ခင်းဟာ ကြာပန်းပွင့်တဲ့ အကောင်းဆုံအချိန် ဖြစ်တယ်။တကယ်လို့ နံနက်ခင်းမှာ မပွင့်တဲ့ကြာပန်းဟာ နေ့လည်၊ ညနေခင်းရောက်တဲ့အထိ မပွင့်တော့ပါဘူး။လူတွေလည်း အဲဒီလိုပါပဲ...ငယ်ရွယ်စဉ်မှာ ရည်မှန်းချက် မထားတဲ့လူက လူလတ်ပိုင်း၊လူကြီးပိုင်းရောက်တဲ့အထိ အောင်မြင်မှုဆိုတာ ရှိတော့မှာ မဟုတ်ဘူး။

ပန်းတစ်ပွင့်ကပြောပါတယ်
ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပန်းဟာ ညှိုျးျနွှမ်းလွယ်တယ်။လူတွေလည်း နုပျိုငယ်ရွယ်တဲ့ အချိန်ဟာ အဖိုးတန် ပန်းလေးတစ်ပွင့်လိုပါပဲ။ကောင်းကောင်း မပြုစု မပျိုးထောင်ရင် ပျက်စီးလွယ်တယ်။

ပန်းတစ်ပွင့်ကပြောပါတယ်
နှင်းဆီပန်းတိုင်းမှာ ဆူးပါတယ်။နှင်းဆီပန်းကို ကြိုက်နှစ်သက်ရင် သူ့ဆူးကို မချိုးပါနဲ့။ဆူးမစူးမိအောင် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကိုပဲ သင်ယူပါ။လူတွေတိုင်းမှာလည်း မာနကိုယ်စီရှိကြတယ်။သည်းမခံနိုင်တဲ့ စကားတွေနဲ့ သူတစ်ပါးကို ထိခိုက်အောင် မပြောမိပါစေနဲ့။

Tuesday, June 9, 2015

ပန်းဖွဲ့ပေးစာ

ပန်းဖွဲ့ပေးစာ
 
                 ပန်း ပန်ရတာ ဘာဖြစ်လို့အရူးနဲ့တူမှာလဲ....
         ပန်းဆိုတာ လောကကိုအလှဆင်ဖို့အတွက် ဖြစ်လာရတဲ့ သစ်ပင်တွေပါ။ကမ္ဘာကြီးတစ်ခုလုံး လှပနေဖို့အတွက် ပန်းကလေးတွေ အမြဲပွင့်ပေးမှဖြစ်မယ်။ ပန်းဆိုတာ လှပခြင်းကို ရေးဖွဲ့တဲ့ အတိုဆုံးကဗျာတစ်ပုဒ်...ဖြူ စင်တယ်၊မာနကင်းတယ်၊သိမ်မွေ့တယ်...လေယူရာယိမ်းတဲ့အခါ အချို သာဆုံး သီချင်းတွေကိုလဲ ဆိုတတ်ကြတယ်။
         စံပယ်ရနံ့တွေ ထုံမွမ်းနေတဲ့ ကောင်းကင်မှာ သန်းခေါင်ယံဟာ သူ့ကိုယ်သူ ညဖြစ်ကြောင်း သက်သေပြနေရဲ့။လ၀န်းကလဲ ဟိုး...အဝေးကနေ ရနံ့လင်းလင်း ပျံ့လွင့်လာသလိုမျိုး...ကဗျာတွေကလဲ ပန်းတွေကို ပန်တတ်ကြတယ်။ကောင်းကင်ကလဲ ကြယ်တွေကို ပန်သလိုပေါ့။တကယ်တော့ သူတို့တွေ အရူးမဟုတ်ပါဘူး။အရူးဆိုတာ ဘာမှသိတာမှမဟုတ်ဘဲ...။
         ပန်း ပန်ထားတဲ့ မိန်းကလေးတစ်ဦးဟာ လှသလို၊ပန်းပွင့်တဲ့ အပင်တွေနဲ့ပြည့်စုံတဲ့ မြို့ဟာလည်း လှတယ်။ကမ္ဘာမှာ မြို့လှဖို့ပန်းပွင့်တဲ့အပင်တွေကို ရွေးပြီးတမင်စိုက်ကြရတယ်။တကယ်တော့ ပန်းဆိုတာ လှပဖို့အတွက်တင်မဟုတ်ပါဘူး။လူတွေရဲ့ စိတ်ကို အေးချမ်းသိမ့်မွေ့စေတယ်။ခက်ထန်မာကျောလှပါတယ်ဆိုတဲ့ နှလုံးသားကိုတောင် နူးညံ့ပျော့ပျောင်းလာစေတယ်။
         ပန်းလေးတွေက သူတို့ပွင့်တဲ့အပင်ပေါ်မှာ လှပချင်ကြသလို...လူရဲ့ခေါင်းပေါ်မှာလည်း လှပချင်ကြသေးတယ်။အထူးသဖြင့် လူမိန်းကလေးတွေရဲ့ ခေါင်းပေါ်မှာ အဆင်မြန်းခံချင်တယ်။သူတို့ပန်းတွေ အချင်းချင်း အဲဒီအပန်ခံရတာကို ဂုဏ်ယူကြသေးတယ်။လူအချင်းချင်း အပန်ခံရတာကိုပဲ တချို့သောပန်းတွေက ဘယ်လိုလူက သူတို့ကို ပန်လဲဆိုတာ မာန်မာနတွေပွားကြ...ပန်းတွေထဲမှာ မျက်နှာကြီးကြ...အလှဂုဏ်တွေ မောက်ကြသေးရဲ့။
         သူတို့က တခြားအပင်တွေရဲ့ ပင်ယံထက်မှာပွင့်တယ်။နှင်းရေစိုစွတ်ပြီး ဖူးပွင့်လာတဲ့ သူတို့ကို နန်းတွင်းသူတွေက ဂုဏ်ယူဝင့်ကြွားစွာ ပန်ဆင်ကြတယ်။ဘုရင်ရဲ့မိဖုရားတွေက ပန်တဲ့ပန်းဆိုတော့ တော်ဝင်ပန်းလို့သတ်မှတ်တာ အဲဒီပန်းတွေအတွက် အလှဂုဏ်မောက်စရာတစ်ခုပေါ့။
အမှန်တိုင်းပြောရရင် သူတို့ကအဲဒီလောက်လှတဲ့ ပန်းတွေလို့မထင်ပါဘူး။
        ခုလို...မိုးရာသီရဲ့ ဂီတသံတွေ မြူးကြွနေတဲ့အချိန်ဆို မိုးရာသီကို နှစ်သတ်တဲ့ပန်းတွေ ပျော်ရွှင်စွာကခုန်လို့နေကြပြီ။မိုးရနံ့၊ မြေသင်းရနံ့တွေနဲ့အတူပန်းရနံ့တွေကလည်း
ကောင်းကင်ကို ထုံမွှမ်းနေကြပြီ။ခတ်တာလှလှတွေ...ပုန်းညက်ဖြူ ဖြူ တွေ...စံပယ်ဖွေးဖွေးတွေ...မိုးပန်းအိပ်မက်တွေနဲ့ ရာသီကို နူးညံ့စွာ ပန်းချီရေးဆွဲနေကြတယ်။
         မနေ့ညက မိုးတွေရွာတယ်...
         တစ်ညလုံး လျှပ်ပြက်စွာ ရွာတယ်...
         မိုးရနံ့တွေနဲ့ပန်းရနံ့တွေကလည်း ပြတင်းပေါက်ရဲ့ထောင့်စွန်းကို ဖြတ်ပြီး တချက်ချက် လွင့်ပျံ့လာနေတယ်။မနက်ခင်းရောက်ရင် ပန်းစံပယ်တွေ အရိုင်းဆန်ဆန် ဖူးပွင့်နေမှာကိုလည်း မြင်ယောင်နေတယ်။
         ထင်တဲ့အတိုင်းပါပဲ နေရောင်ခြည်နွေးနွေးမှာ စံပယ်တွေဖြူ ဖြူ ဖွေးဖွေး ပွင့်ဝေနေကြတယ်။သူ့ရဲ့ပန်းပင်မှာ ပွင့်နေတဲ့အတိုင်းပဲ ကြည့်နေရတာ လှတယ်။တကယ်လို့ ပန်းပွင့်ကိုခူးပြီး မိန်းကလေးတစ်ယောက် ပန်လိုက်ရင်လဲ လှပနေမှာပါပဲ။သူ့ရဲ့အလှက ယုတ်လျော့ သွားမှာမဟုတ်ပါဘူး။ပန်းဆိုတာ အလှကိုလဲ ကူးစက်ပြန့်နှံ့စေတယ်။
         ပန်းဆို ဘယ်ပန်းမှခူးတာ မကောင်းပါဘူး...ဘယ်ပန်းမှ အပင်မှာရှိနေတာလဲ မကောင်းပါဘူး။တမင်သတ်သတ် မခြွေခင်ကြွေတာပဲဖြစ်ဖြစ်... အမှတ်တမဲ့ ခြွေမိလို့ကြွေတာပဲဖြစ်ဖြစ်ပေါ့ တစ်နေ့တော့ လှပစွာကြွေလွင့်သွားကြမှာပါ။မကြွေလွင့်အချိန်ထိတော့ ခေါင်းအထက်ဆံနွယ်တွေဆီမှာ ပန်ဆင်ဖို့ပန်းလေးလိုပွင့်လန်းနေတာကို တိုးတိတ်သေ၀ပ်စွာ စောင့်ကြည့်နေချင်ပါသေးတယ်။           ။
       

Monday, June 8, 2015

ကြယ်တာရာထောင့်ချိုး


           ကောင်းကင်က လှတယ်။
           ကောင်းကင်ရဲ့ကျယ်ပြန့်မှုထဲမှာ လွှမ်းခြုံ ခံထားရတဲ့သူတစ်ယောက်ရဲ့ နှလုံးသားဟာလည်း လှပနက်ရှိုင်းတယ်။အရောင်အမျိုးမျိုး ဆေးချယ်တတ်တဲ့ ကောင်းကင်ဟာ သူ့ရဲ့ပင်ကိုယ်အရောင်ရော မှတ်မိပါရဲ့လား။ကိုယ်ကတော့ မေးမိပါတယ်...သူ့ကိုယ်သူရော သိမှသိပါရဲ့လားလို့။ အင်း...တော်တော်မျက်နှာများတဲ့ကောင်...။
          ကြယ်တွေတလက်လက်နဲ့ ကောင်းကင်မှာ ဗွက်ထနေတယ်။ အမြဲတမ်းပြိုးပြက်နေတဲ့ ကြယ်တွေအကြောင်းကို မျက်စိဖွင့်ရင်း ရေတွက်ကြည့်ဖူးပါသလား...။လက်လှမ်းမှီရာလောက်ထိ ကြယ်တွေ ရေတွက်လို့ရနိုင်သေးတယ်။နောက်တော့ တဖြည်းဖြည်းရောထွေးယှက်သွားတယ်။
ငွေရောင်အိပ်မက်ကို မက်ခွင့်ရှိတဲ့ကြယ်တွေရဲ့တေးသံကိုရော နားထောင်ဖူးပါသလား...။သူတို့က အမြဲတမ်းသီချင်းတစ်ပုဒ်တည်းကိုပဲ ဆိုကြတယ်။ချစ်ခြင်းကို ဖွဲ့သီတဲ့ အလွမ်းတွေထဲမှာ တစ်ယောက်နဲ့တစ်ယောက် ဝေးကွာခြင်းတွေပါတယ်။သြော်...ကြယ်တွေကရော ကောင်းကင်မှာ ဆုံဖူးကြပါရဲ့လား...ဆုံဖူးကြမယ်ထင်ပါတယ်။ဒီလောက် ကျယ်ပြန့်လွင်ပြောတဲ့ ကောင်းကင်ထဲမှာ ဆုံမှတ်တွေများစွာရှိနေကြပါတယ်။
          ခုချိန်မှာတော့ အလွမ်းတွေကိုပဲရင်ဖွင့်ပြနေတဲ့ ကြယ်ပွင့်တွေကိုပဲ ကိုယ် တွေ့နေရတယ်။
          ကိုယ် လည်းအောက်မေ့တသစွာ လွမ်းဆွတ်နေပါတယ်။
          ကောင်းကင်မှာ ကန့်လန့်ဖြတ်မျဉ်းကြောင်းတစ်ကြောင်းကို အလျားလိုက် ဆွဲခြစ်လိုက်တယ်။ ကောင်းကင်မျဉ်းကြောင်းတစ်ခုပေါ့။လက်နဲ့ဆွဲခြစ်လိုက်ရတယ်ဆိုပေမယ့် ကောင်းကင်မျဉ်း
ကြောင်းက မိုင်းပေါင်းများစွာ ရှည်လျားတယ်။ကောင်းကင်မျဉ်းကြောင်းရဲ့ ဒီဘက်အစွန်းမှာ ကိုယ်တစ်ယောက်တည်း...ဟိုးဘက်အစွန်းမှာတော့ ကိုယ်လွမ်းနေရတဲ့
မင်းရှိနေပါတယ်။စိတ်ကူးယဉ်တစ်ခုလို့ပဲ ကောက်ချက်ချမလား...အလွမ်းဆိုတာ တဖတ်သတ်ဆန်လို့ရော ဘာဖြစ်လဲ...တားဆီးလို့ရလို့လဲ အိပ်မက်မမက်ပါဘူး။
          သတိရတာပေါ့။ ဒါပေမယ့် ပူပြင်းလောင်မြို က်တဲ့ သတိရခြင်းမျိုးမဟုတ်ဘူး။ အေးမြဆွတ်ပျံ့တဲ့ သတိရခြင်းမျိုးခြင်းပါ။
                 
                   
                     
                    
                   

Sunday, May 31, 2015

တစ်ခုခုကို မသိမသာ လိုအပ်နေသလို
တစ်ခုခုကို တိတ်တိတ်ဆိတ်ဆိတ် ကြေကွဲနေသလို
တစ်ခုခုကို မရေမရာ မျော်လင့်နေသလို
        ဘယ်အရာတွေကများ နေတစ်ထောင်အလင်းရောင်ကို ကာဆီးထားပါလိမ့်.....
        ဘယ်လိုခေါင်းပါးတဲ့ မီးလျှံတွေကများ လမင်းအစင်းတစ်ရာကို လောင်ကျွမ်းစေပါလိမ့်....
        ကွေ့ဝိုက်စွာစီးဆင်းလာတဲ့ စမ်းချောင်းလေးရဲ့ အသေရေဟာ ရင်ကိုအေးမြစေတယ်။ခပ်ပြီးသောက်ရတဲ့  ရေအလျဉ်ဟာ တကိုယ်လုံးကို လန်းဆန်းစေတယ်      ကိုယ့်ကိုရေအေးငါးလေးတွေက ဖြတ်ခိုးသွားကြတယ်။စမ်းချောင်းလေးထဲမှာ ကိုယ့်ကိုယ်ကို ပြန်မြင်ရတဲ့ ကိုယ့်ရဲ့စိတ်ဟာ အလွန်တရာမှ စက်ဆုပ်ဖို့ကောင်းလှချည်ရဲ့...။တကယ်တော့...ကိုယ့်ရဲ့တကိုယ်လုံးကိုနှစ်ပြီး သန့်စင်လိုက်ဖို့ပါ။ဒါပေမယ့်...စမ်းချောင်းလေးကတော့ ညစ်ပတ်သွားမလားမသိ...။