အဲဒီနေ့မနက်ခင်းမှာပဲ…
မိုးကောင်းကင်က
တိမ်ဖြူတစ်ပွင့်ဟာ ရာဟုဂြိုလ်ထဲကို ခဏချင်းပဲ ဆွဲသွင်းခံလိုက်ရတယ်။နေခြည်ကလဲ နံနက်ခင်း ခပ်စောစောမှာပေမယ့် စူးစူးနစ်နစ် ပြင်းရှနေတယ်။
Good Morning လို့ နှုတ်ဆက်ပြီးတဲ့အချိန်ထိ မနက်ခင်းဟာ ငြိမ်ငြိမ်သက်သက်လေးနဲ့ မျက်လွှာလေး
ပြေစင်းစွာချထားနေရတဲ့ပုံလေးပါ။ဘာကြောင့်မှန်း ကိုယ်နောက်ကျတဲ့အချိန်ထိ မသိခဲ့လိုက်ဘူး။နောက်ထပ်
မနက်ခင်းကို သတိပြုမိလိုက်တဲ့အချိန်မှာမှ ကောင်းကင်က တိမ်လေးဟာ ဒေါသတွေနဲ့အရောင်တွေပြောင်းနေခဲ့တယ်လေ။
အဲဒီဖြူလွလွတိမ်တိုက်လေးက
အညိုရောင်အသွေးတွေနဲ့အတူ မိုးရွာတော့မှာလား…ကိုယ်စိုးရိမ်တကြီး ဖြစ်သွားမိတယ်။ဒါပေမယ့်…သူ့ကို
ကိုယ်သိပါတယ်…တိမ်တိုက်လေးအရောင်ပြောင်းသွားပေမယ့် ခဏတာပဲဆိုတာ ကိုယ်နားလည်နေပါတယ်။တိမ်တိုက်လေး
စိတ်တိုစိတ်ညစ်နေတဲ့အခါ ဘေးမှာ အားပေးနှစ်သိမ့်ပေးချင်နေမိတာလေ…။
လေတွေကလဲ
တစီစီတိုက်ခတ်နေတယ်။ရေတိုးလေလို့ အသိထားမိပေမယ့် အထက်ပိုင်းက မိုးရွာမှဖြစ်မှာလို့
မဆီမဆိုင် တွေးမိသေးတယ်။တိမ်တိုက်လေးက အကြောင်းစုံရှင်းမပြပေမယ့် အတူနေလမ်းခုလတ်တွေထဲမှာ
ရန်ဖြစ်ရ.. စိတ်ကောက်ရ.. ပြန်ချော့ရ.. ကျေနပ်ရဆိုတာတွေက မြစ်ထဲကို အတူတူစီးဝင်ရတဲ့
စမ်းချောင်းတွေဖြစ်သလို..ပင်လယ်ထဲကို စီးဝင်ရတဲ့မြစ်ချောင်းတွေလဲဖြစ်တယ်။ ကိုယ်ကောင်းကောင်းနားလည်ပါတယ်။တိမ်တိုက်လေးကို
ဒီအကြောင်းပြောမပြဖြစ်ပေမယ့် တိမ်တိုက်လေးက ကိုယ့်ထက်ပိုသိတယ်။ကိုယ့်ထက်ပိုပြီးတော့
နားလည်တယ်လေ။
အဲဒီလိုနဲ့
တိမ်တိုက်လေးစိတ်ပြေသွားတဲ့အချိန်ထိ ကိုယ်စကားတွေပြောပေးနေခဲ့တယ်။ အမြဲတမ်းရယ်မောနေတတ်တဲ့
တိမ်တိုက်လေးကို ကိုယ်မိုးတွေမရွာစေချင်ပါဘူး…ကောင်းသောမွန်မြတ်ခြင်းတွေနဲ့ပဲ မနက်ခင်းတစ်ခုမှာ
နိုးထစေချင်တယ်လေ။
အဲဒီနေ့မနက်ခင်းက
မိုးကောင်းကင်မှာ တိမ်တိုက်တွေပြန်ပြီး မျောလွင့်နေတဲ့အကြောင်း.. မိုးရွာသေးမှာမဟုတ်ပေမယ့်
အထက်ပိုင်းကိုတော့ သွားရွာနေမယ့်အကြောင်း… အဲဒီကရွာတဲ့အချိန် ဒီဘက်မှာရေကြီးနေမယ့်အကြောင်း…တိမ်တိုက်လေးကပြောလို့
ကိုယ်သေသေချာချာ မှတ်ခဲ့ရသေးတယ်။ အဲဒီနေ့တစ်နေ့လုံး မိုးတစ်စက်မှမရွာပါဘဲ နေ့လည်ခင်းက
ပိုပြီးအိုက်စပ်စပ်နိုင်လာတယ်။ကိုယ်ခဏတာ ပြုံးမိချိန်မှာပဲ ကိုယ့်မျက်လုံးထဲမှာ တိမ်တိုက်လေးကို
လွမ်းနေမိတာပဲတွေ့တော့တယ်။မိုးတော့…မရွာနဲ့ကွယ်…
No comments:
Post a Comment