ပန်းဖွဲ့ပေးစာ
ပန်း ပန်ရတာ ဘာဖြစ်လို့အရူးနဲ့တူမှာလဲ....
ပန်းဆိုတာ လောကကိုအလှဆင်ဖို့အတွက် ဖြစ်လာရတဲ့ သစ်ပင်တွေပါ။ကမ္ဘာကြီးတစ်ခုလုံး လှပနေဖို့အတွက် ပန်းကလေးတွေ အမြဲပွင့်ပေးမှဖြစ်မယ်။ ပန်းဆိုတာ လှပခြင်းကို ရေးဖွဲ့တဲ့ အတိုဆုံးကဗျာတစ်ပုဒ်...ဖြူ စင်တယ်၊မာနကင်းတယ်၊သိမ်မွေ့တယ်...လေယူရာယိမ်းတဲ့အခါ အချို သာဆုံး သီချင်းတွေကိုလဲ ဆိုတတ်ကြတယ်။
စံပယ်ရနံ့တွေ ထုံမွမ်းနေတဲ့ ကောင်းကင်မှာ သန်းခေါင်ယံဟာ သူ့ကိုယ်သူ ညဖြစ်ကြောင်း သက်သေပြနေရဲ့။လ၀န်းကလဲ ဟိုး...အဝေးကနေ ရနံ့လင်းလင်း ပျံ့လွင့်လာသလိုမျိုး...ကဗျာတွေကလဲ ပန်းတွေကို ပန်တတ်ကြတယ်။ကောင်းကင်ကလဲ ကြယ်တွေကို ပန်သလိုပေါ့။တကယ်တော့ သူတို့တွေ အရူးမဟုတ်ပါဘူး။အရူးဆိုတာ ဘာမှသိတာမှမဟုတ်ဘဲ...။
ပန်း ပန်ထားတဲ့ မိန်းကလေးတစ်ဦးဟာ လှသလို၊ပန်းပွင့်တဲ့ အပင်တွေနဲ့ပြည့်စုံတဲ့ မြို့ဟာလည်း လှတယ်။ကမ္ဘာမှာ မြို့လှဖို့ပန်းပွင့်တဲ့အပင်တွေကို ရွေးပြီးတမင်စိုက်ကြရတယ်။တကယ်တော့ ပန်းဆိုတာ လှပဖို့အတွက်တင်မဟုတ်ပါဘူး။လူတွေရဲ့ စိတ်ကို အေးချမ်းသိမ့်မွေ့စေတယ်။ခက်ထန်မာကျောလှပါတယ်ဆိုတဲ့ နှလုံးသားကိုတောင် နူးညံ့ပျော့ပျောင်းလာစေတယ်။
ပန်းလေးတွေက သူတို့ပွင့်တဲ့အပင်ပေါ်မှာ လှပချင်ကြသလို...လူရဲ့ခေါင်းပေါ်မှာလည်း လှပချင်ကြသေးတယ်။အထူးသဖြင့် လူမိန်းကလေးတွေရဲ့ ခေါင်းပေါ်မှာ အဆင်မြန်းခံချင်တယ်။သူတို့ပန်းတွေ အချင်းချင်း အဲဒီအပန်ခံရတာကို ဂုဏ်ယူကြသေးတယ်။လူအချင်းချင်း အပန်ခံရတာကိုပဲ တချို့သောပန်းတွေက ဘယ်လိုလူက သူတို့ကို ပန်လဲဆိုတာ မာန်မာနတွေပွားကြ...ပန်းတွေထဲမှာ မျက်နှာကြီးကြ...အလှဂုဏ်တွေ မောက်ကြသေးရဲ့။
သူတို့က တခြားအပင်တွေရဲ့ ပင်ယံထက်မှာပွင့်တယ်။နှင်းရေစိုစွတ်ပြီး ဖူးပွင့်လာတဲ့ သူတို့ကို နန်းတွင်းသူတွေက ဂုဏ်ယူဝင့်ကြွားစွာ ပန်ဆင်ကြတယ်။ဘုရင်ရဲ့မိဖုရားတွေက ပန်တဲ့ပန်းဆိုတော့ တော်ဝင်ပန်းလို့သတ်မှတ်တာ အဲဒီပန်းတွေအတွက် အလှဂုဏ်မောက်စရာတစ်ခုပေါ့။
အမှန်တိုင်းပြောရရင် သူတို့ကအဲဒီလောက်လှတဲ့ ပန်းတွေလို့မထင်ပါဘူး။
ခုလို...မိုးရာသီရဲ့ ဂီတသံတွေ မြူးကြွနေတဲ့အချိန်ဆို မိုးရာသီကို နှစ်သတ်တဲ့ပန်းတွေ ပျော်ရွှင်စွာကခုန်လို့နေကြပြီ။မိုးရနံ့၊ မြေသင်းရနံ့တွေနဲ့အတူပန်းရနံ့တွေကလည်း
ကောင်းကင်ကို ထုံမွှမ်းနေကြပြီ။ခတ်တာလှလှတွေ...ပုန်းညက်ဖြူ ဖြူ တွေ...စံပယ်ဖွေးဖွေးတွေ...မိုးပန်းအိပ်မက်တွေနဲ့ ရာသီကို နူးညံ့စွာ ပန်းချီရေးဆွဲနေကြတယ်။
မနေ့ညက မိုးတွေရွာတယ်...
တစ်ညလုံး လျှပ်ပြက်စွာ ရွာတယ်...
မိုးရနံ့တွေနဲ့ပန်းရနံ့တွေကလည်း ပြတင်းပေါက်ရဲ့ထောင့်စွန်းကို ဖြတ်ပြီး တချက်ချက် လွင့်ပျံ့လာနေတယ်။မနက်ခင်းရောက်ရင် ပန်းစံပယ်တွေ အရိုင်းဆန်ဆန် ဖူးပွင့်နေမှာကိုလည်း မြင်ယောင်နေတယ်။
ထင်တဲ့အတိုင်းပါပဲ နေရောင်ခြည်နွေးနွေးမှာ စံပယ်တွေဖြူ ဖြူ ဖွေးဖွေး ပွင့်ဝေနေကြတယ်။သူ့ရဲ့ပန်းပင်မှာ ပွင့်နေတဲ့အတိုင်းပဲ ကြည့်နေရတာ လှတယ်။တကယ်လို့ ပန်းပွင့်ကိုခူးပြီး မိန်းကလေးတစ်ယောက် ပန်လိုက်ရင်လဲ လှပနေမှာပါပဲ။သူ့ရဲ့အလှက ယုတ်လျော့ သွားမှာမဟုတ်ပါဘူး။ပန်းဆိုတာ အလှကိုလဲ ကူးစက်ပြန့်နှံ့စေတယ်။
ပန်းဆို ဘယ်ပန်းမှခူးတာ မကောင်းပါဘူး...ဘယ်ပန်းမှ အပင်မှာရှိနေတာလဲ မကောင်းပါဘူး။တမင်သတ်သတ် မခြွေခင်ကြွေတာပဲဖြစ်ဖြစ်... အမှတ်တမဲ့ ခြွေမိလို့ကြွေတာပဲဖြစ်ဖြစ်ပေါ့ တစ်နေ့တော့ လှပစွာကြွေလွင့်သွားကြမှာပါ။မကြွေလွင့်အချိန်ထိတော့ ခေါင်းအထက်ဆံနွယ်တွေဆီမှာ ပန်ဆင်ဖို့ပန်းလေးလိုပွင့်လန်းနေတာကို တိုးတိတ်သေ၀ပ်စွာ စောင့်ကြည့်နေချင်ပါသေးတယ်။ ။
No comments:
Post a Comment